နောက်ဖေးလမ်းကြား အမှိုက်ရှင်းခြင်း လုပ်ဆောင်နေသည့် သန့်ရှင်းရေး ၀န်ထမ်းများကို ခရိုင်အလိုက်ခွဲကာ ပဏာမ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်


Friday, October 21, 2016

အောက်တိုဘာ ၂၀ ရက်က ပန်းပဲတန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့တော်စည်ပင် ကျန်းမာရေးဌာနက သန့်ရှင်းရေး လုပ်သားများအား ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပေးနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

နောက်ဖေးလမ်းကြား အမှိုက်ရှင်းခြင်း လုပ်ဆောင်နေသည့် သန့်ရှင်းရေး ၀န်ထမ်းများကို ခရိုင်အလိုက်ခွဲကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနက ပဏာမ ကျန်းမာရေး စစ်ဆေးမှုများနှင့် အသိပညာပေး ဟောပြောခြင်းများကို အောက်တိုဘာ ၂၀ ရက်က ပန်းပဲတန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး လုပ်သားများကို ခရိုင်အလိုက်ခွဲကာ ကျန်းမာရေး စစ်ဆေးမှုများအပြင် အသိပညာပေး ဟောပြောမှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ အောက်တိုဘာ ၂၀ ရက်က အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရှိ သန့်ရှင်းရေး လုပ်သား ၆၀ ခန့်ကို ပဏာမ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင် အတွင်းရှိ သန့်ရှင်းရေး လုပ်သားများကို အောက်တိုဘာ ဒုတိယပတ် အတွင်းက ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
“နောက်ဖေးလမ်းကြား အမှိုက်ရှင်းတာ တွေလုပ်နေတဲ့ သန့်ရှင်းရေး လုပ်သားတွေကို အမှိုက်နဲ့ပတ်သက်ပြီး ဘယ်လိုရောဂါတွေ ဖြစ်နိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဘယ်လိုလုပ်ရမလဲ။ ကျန်းမာရေး တစ်ခုခုဖြစ်လာရင် ဘယ်လိုနေထိုင်ရမလဲ။ သန့်ရှင်းရေးလုပ်ပြီးလို့ အိမ်ပြန်လာရင် ကိုယ်ကတစ်ဆင့် မိသားစုဝင်တွေကို ရောဂါပိုးမွှားတွေ ကူးစက်မှု မရှိအောင် ဘယ်လိုပြုမူနေထိုင်ရမယ် ဆိုတာတွေကို အသိပညာပေး ဟောပြောတဲ့အပြင် ပဏာမ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးတယ်။ ကျန်းမာရေး စစ်ဆေးမှုကတော့ သူတို့ဘာဖြစ်သလဲပေါ် မူတည်ပြီးတော့ ကျွန်မတို့ လုပ်ပေးပါတယ်။ သွေးတိုး၊ သွေးကျလားပေါ့။ နေမကောင်းဘူးဆိုလည်း ဘာတွေဖြစ်သလဲ ဆိုတဲ့အပေါ်ကြည့်ပြီး ဆေးကုသပေးတယ်။ ဒီထက်ပိုပြီး ရောဂါကြီးလာပြီဆိုရင်တော့ သက်ဆိုင်ရာ ဆေးရုံဆေးခန်းကို လွှဲပြောင်းပေးတာတွေ လုပ်ပေးပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာသန်းသန်းလွင်က ဆိုသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ နောက်ဖေးလမ်းကြား အမှိုက်ရှင်းခြင်း လုပ်ဆောင်နေသည့် သန့်ရှင်းရေး ၀န်ထမ်းပေါင်း ၆၀၀ ဦးရှိပြီး ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ကျန်ရှိနေသေးသည့် ကျန်ဝန်ထမ်းများ အားလုံးကိုလည်း အလားတူ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းသည့် စနစ်ကို ယခုအစိုးရသစ် လက်ထက်တွင် စတင်ခဲ့ပြီး ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ဦးစွာစတင် ခဲ့ခြင်းဖြစ်ကာ မြို့တွင်း ခြောက်မြို့နယ်အနက် ပုဇွန်တောင်နှင့် လသာမြို့နယ်များအား Pilot Project အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နောက်ဖေးလမ်းကြား အမှိုက်ရှင်းစနစ်ကို ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်တွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Writer: အိသဉ္ဇာကျော်
Eleven Media Group

Comments