ပြည်သူ့အခွင့်အရေး ချိုးဖောက်ခံနေရသလား ?




၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ မှာ Right to Recall နဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော် ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန် စွာ မဆောင်ရွက်ခြင်းစတဲ့အချက်တွေနဲ့ ငြိစွန်းတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေကို တာဝန်မှ ရုပ်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
အထက်ပါအရည်အချင်း ပျက်ယွင်းတဲ့အမတ်တွေကို သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး (၁)ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး တိုင်တန်းချက် ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို တင်ပြရပါတယ်။ အဲဒါကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရပါမယ်။ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော် လည်းကောင်း ချေပခွင့် ပေးရ ပါမယ်။ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က ထိုစွပ်စွဲချက်မှန်ကန်ပြီး စွပ်စွဲခံရသူက လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း သဘောရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနဲ့ အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇ မှာလည်း ပြည်ထောင်စုလွှတ်တော် သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သောဥပဒေများ ကို ပြဋ္ဌာန်းရမည်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၃-၁၀-၂၀၁၆ ရက်နေ့က ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ပြီး “လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပိုင်ခွင့် မကျင့်သုံးနိုင်သေးတာဟာ ပြည်သူ့အခွင့်အရေး ချိုးဖောက်ခံနေရတာလား” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း (ပဲခူး - ၁၂ ၊ NLD)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ (ရသေ့တောင်၊ ANP)၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်၊ SNLD ပါတီမှ ဦးစိုင်းညွန့်လွင်၊ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ထွန်းကြည်နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး အင်အားစုများမှ ဘမြင့်နှင့် အဖွဲ့ဝင်များ၊ သတင်းမီဒီယာများအပါအ၀င် အင်အား ၉၀ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ဦးတင်မောင်ဦးမှ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် လွှတ်တော် ကိုယ်စားလှယ်ရုပ်သိမ်းပိုင်ခွင့် ဥပဒေပြဋ္ဌာန်းထားသော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့်အတွက် ပြည်သူများမှ ရုပ်သိမ်း ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါ်ခင်စောဝေမှလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပိုင်ခွင့်နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်တွေကို မဲပေးလိုက်ရက်သားနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကိုယ်လာပြန်ဖြုတ်ချလို့ မရဘူးဆိုရင် ဒါနိုင်ငံသားတွေရဲ့အခွင့်အရေး ဆုံးရှုံးနေကြောင်း ပြောကြား ခဲ့ပါတယ်။
မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာရန်မျိုးသိမ်းမှလည်း ပြည်သူရွေးချယ်ထားသည့် NLD ပါတီ ကိုယ်စားလှယ် များရှိပါလျက်နှင့် ၎င်းဥပဒေပြဋ္ဌာန်းရန်အတွက် ဘာကြောင့်အသံမထွက်တာလဲ၊ ဘာကြောင့်အစမပြုတာလဲဆိုတာ စဉ်းစားစရာပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဒီမိုကရေစီအပြောင်းအလဲ ကာလတွင် ပြည်သူများ၏ အခွင့်အရေးကို ဦးစားပေးရန်လိုအပ်ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လူထုထောက်ခံမဲ ကောက်ခံနိုင်ရန်အတွက် လွှတ်တော်သို့ အဆိုတင်သွင်းသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
Right to Recall နဲ့ပတ်သက်ပြီး အရင်ရာဇဝင်တွေလည်း ရှိပါတယ်။ အခု NLD လွှတ်တော်မှလည်း Right to Recall ကို မကိုင်ရဲပါဘူး။ အခုဒီလွှတ်တော်က ဘာကိုင်လဲဆိုတော့ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်တဲ့ဥပဒေ၊ အရေးကြီးတဲ့ဥပဒေတွေကို လူပုဂ္ဂိုလ်တွေရဲ့စိတ်ခံစားမှုနဲ့ ပယ်ဖျက်တာတွေပဲ လုပ်နေတယ်။ ဒါကြောင့် အခု ဘင်္ဂါလီတွေ မြို့ထဲရွာထဲမှာ ဝင်လာပြီး ဖမ်းမိတာတွေ တွေ့နေရပါတယ်။
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း ၆ လ အတွင်းမှာ NLD ပါတီဝင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးရဲ့မယားငယ်ကိစ္စ၊ NLD ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့လာဘ်စားမှု ကိစ္စ၊ မြောင်းမြမြို့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူရဲ့ တည်းခိုခန်းတွင် မယားငယ်ထားသည့်ကိစ္စ၊ ရွှေပြည်သာမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်းရဲ့ KTV ကိစ္စ၊ လေးမျက်နှာမြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့လာဘ်စားမှုကြောင့် ဆန္ဒပြခံနေရသည့် ကိစ္စ၊ မအူပင်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုလေးရဲ့ မောက်မာ ရိုင်းစိုင်းမှုကြောင့် ဆန္ဒပြခံနေရတဲ့ကိစ္စများ အပါအဝင် အခြား NLD ရွေးကောက်ခံကိုယ်စားလှယ်များရဲ့အကျင့်ပျက် လုပ်ရပ်များစွာ တွေ့နေရပါတယ်။
ဦးရွှေမန်းကလည်း ဘာထူးလဲ။ အရင်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူတုန်းက Right to Recall ကို မလုပ်ခဲ့ပါဘူး။ အဲဒီဥပဒေကို အလျင်အမြန် ပြဋ္ဌာန်းပေးဖို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ၄ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပြီး မဲဆန္ဒရှင်များရဲ့ မူလအခွင့်အရေး ဆုံးရှုံးနေကြောင်း သတိ ပေးခဲ့ပေမယ့် ဆက်လက်မဆွေးနွေးဘဲ ဆိုင်းငံ့ခဲ့ပါတယ်။
နောက်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(၁၁)ရက်မြောက်နေ့မှာ ဦးရွှေမန်း ဥက္ကဋ္ဌလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကနေ ဦးစားပေးပြဋ္ဌာန်းပေးရန် အစီရင်ခံစာ တင်ပြခဲ့တဲ့ ဥပဒေ ၄၈ ခုထဲမှာ Right To Recall ဥပဒေ ပါဝင်လာခြင်းမရှိတာကို ထူးဆန်းစွာ တွေ့ရပြန် ပါတယ်။ ဒါပေမယ့် လည်း Facebook ပေါ်တက်ပြီး Status တွေရေးကာ လက်ရှိ NLD အစိုးရကို ပါးပါးလေး ဖိအားပေးနေပါတယ်။ လူထုအတွက် ပြည်သူအတွက်ဆိုပြီး ရင်ထဲက မပါပါဘူး။ မိမိကိုယ်ကျိုးစီးပွား အကျိုးရှိမယ့် ကိစ္စတွေကိုပဲ လုပ်နေ ပြီး ပြည်သူအတွက် အကျိုးရှိတဲ့ ကိစ္စ၊ ပြည်သူများရဲ့ မူလအခွင့်အရေး Right to Recall လိုမျိုးဟာကိုတော့ ဆက်ပြီးဘေးဖယ်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းကာလမှာ Right to Recall ဥပဒေနဲ့ပတ်သက်ပြီး ပထမဆုံး တင်သွင်းခဲ့သူဟာ လက်ရှိလွှတ်တော်ဥက္ကဋ္ဌ လုပ်နေတဲ့ ဦးဝင်းမြင့်ကိုယ်တိုင်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့အချိန်မှာ Right to Recall ဥပဒေနဲ့ပတ်သက်ပြီး သူကိုယ်တိုင် အသံတိတ်နေပါတယ်။ ဘာကြောင့်လဲ။ NLD ပါတီဝင်အများစု လွှတ်တော်ထဲကနေ ထွက်သွားရမှာ စိုးရိမ်လို့လား။ ဒါဟာ သူတို့ကိုယ်ကျိုးအတွက် ပြည်သူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ချိုးဖောက်နေကြတာက…..။ ပြည်သူ…ပြည်သူနဲ့ တဖွဖွပြောနေရင် သတိထားကြည့်ပါ…။ ဒီလူတွေ ပြည်သူကိုလိမ်ဖို့ ကြိုးစားနေပါပြီ….။
ခင်မောင်စိုး
Myanmar Parliament Press

Comments