- Get link
- X
- Other Apps
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်သူလူထု ထက်ဝက်နီးပါး NLD ပါတီကို ယုံကြည်အားကိုးစွာဖြင့် မဲပေးခဲ့ကြ တာလူတိုင်းသိပြီးသား ဖြစ်ပါ လိမ့်မယ်။ ထောက်ခံ အားပေးသူများထဲမှာ ချမ်းသာကြွယ်ဝသူများလည်း ပါသလို ဆင်းရဲနွမ်းပါးသူများလည်းပါခဲ့ကြတယ်။ တောင်ယာလယ်သမားများ၊ ကွမ်းယာသည် များ၊ ဆိုက်ကားသမားများ ပါဝင်နေတာကိုတွေ့ရတယ်။ တချို့ဆိုရင် ဆိုက်ကားတွေနဲ့ပါ ၀ိုင်းဝန်းမဲဆွယ် ပေးခဲ့ကြတယ်။ တချို့က မေမေ နိုင်မှဖြစ်မှာပါလို့ သုံးနှုန်းပြီး အောင်နိုင်ရေးအတွက် မဲဆွယ်ခဲ့ကြတယ်။ တချို့ကတော့ မိဘဆွေမျိုးများက ဆင်းရဲနွမ်းပါးတဲ့အတွက် စားသောက်ဆိုင်တွေမှာ ၀မ်းရေးအတွက် အလုပ်လုပ်နေကြတဲ့ ကျောင်းနေ အရွယ် ကလေးတွေထဲကတစ်ယောက်ကို သားကျောင်းနေရဖို့ NLD ကို မဲပေးစို့ဆိုပြီး လည်ပင်းမှာ ချိတ်ဆွဲပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အသုံးချခဲ့ကြတာရှိတယ်။
ဒီလိုနဲ့ ပြည်သူတွေရဲ့ ထောက်ခံမဲဟာ ရွေးကောက်ပွဲအောင်နိုင်ရေးပန်းတိုင်ဆီကို ရောက်ရှိသွားခဲ့ကြတယ်။ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် NLD ပါတီဝင်တွေဟာ ထိုင်ခုံနေရာများစွာနဲ့ အစိုးရသစ် တစ်ရပ်ကို ဖွဲ့နိုင် ခဲ့တယ်။ ဒါဟာအစောကပြောခဲ့တဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်ပါ။ ဒီလိုနဲ့အစိုးရအဖြစ် ရပ်တည်ပြီး သိပ်မကြာခင်မှာဘဲ ရက် ၁၀၀ ဆိုပြီး NLD အစိုးရဟာ စီမံချက်တစ်ခုဆွဲခဲ့တယ်။ ရက် ၁၀၀ အတွင်းမှာ နိုင်ငံကို ဘာတွေပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ရက် ၁၀၀ အတွင်းမှာ ကြီးကြီးမားမားတော့ ပြောင်းလဲနိုင်ခဲ့ာမရှိဘူး။ ပြောင်းတော့ပြောင်းလဲခဲ့ပါတယ်။ ဘာတွေပြောင်းလဲခဲ့လည်းဆိုတော့ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ် ကာလမှာတုန်းက ထောက်ခံမဲပေးခဲ့ကြတဲ့ ပြည်သူအချို့ ပြောင်းလဲခဲ့တာပေါ့။ ကွမ်းလေးရောင်းပြီး အသက်မွေးနေသူတွေအတွက် ကွမ်းကင်းမဲ့ဇုန်ဖြစ် သွားတယ်။ ဆိုက်ကားတွေနဲ့ မဲဆွယ်ပေးခဲ့သူတွေလည်း လိုင်စင်မဲ့ပြဿနာနဲ့ ရုံးရောက်ဂါတ်ရောက်ဖြစ်သွားကြတယ်။ အစိုးရမဖြစ်ခင် မဲဆွယ်ကာလတုန်းက NLD ပြောခဲ့တာရှိတယ်။ NLD အစိုးရတက်ရင် ဆိုက်ကားလိုင်စင်မဲ့ပြဿနာကို အရင်ဆုံး ဖြေရှင်းပေးမယ်လို့ ပြောခဲ့ တယ်။ နောက်ပြီး စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေတဲ့ကလေး လည်ပင်းမှာ ကျွန်တော်ကျောင်းတက်ချင် တယ် NLD ကို မဲပေးပါလို့ အသုံးချခံခဲ့ရတဲ့ ကလေးဟာ NLD အစိုးရဖြစ်ပြီး နောက်မှာ ကျွန်တော် သူခိုးပါဆိုပြီး ပြောင်းချိတ်ခြင်းကို ခံခဲ့ရတယ်။
ဒီတော့ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလမှာတုန်းက NLD ကို မျက်စိစုံမှိတ်ပြီး ယုံကြည်အားကိုးခဲ့ကြသူ တွေဟာ သူတို့ရဲ့ထောက်ခံမဲတွေနဲ့ အာဏာရသွားချိန်မှာ ပြောင်းလဲသွားတဲ့ NLD အစိုးရအပေါ်မှာ ယုံကြည် အားကိုးမှုတွေ ပျောက်ပျက်သွားခဲ့ကြတယ်။ ကိုယ်ယုံကြည် အားကိုးခဲ့တဲ့ အစိုးရကကိုယ့်အပေါ်မှာ ဒီလိုမျိုး လုပ်ရက်လေခြင်းဆိုတဲ့ နောင်တ တရားတွေနဲ့ မှင်စွန်းခဲ့တဲ့ သူတို့ရဲ့လက်သန်းတွေကိုပဲ ကြည့်ရင်း မျှော်လင့် ချက်မဲ့ခဲ့ကြ ရပါတော့တယ်။
ခိုင်ဇော်
Comments
Post a Comment