အစိုးရအကူးအပြောင်းကာလ ရန်ကုန်တိုင်းတွင်ချပေးခဲ့သည့် မြေကွက် ၂၃၂ ကို စိစစ်ရန် လုပ်ထုံးလုပ်နည်းစနစ်တခုလုံးကိုပြင်ရန်လိုဟု မြို့တော်ဝန်ပြော


Friday, October 21, 2016

အစိုးရအကူးအပြောင်းကာလ ရန်ကုန်တိုင်းတွင်ချပေးခဲ့သည့် မြေကွက် ၂၃၂ ကို စိစစ်ရန် လုပ်ထုံးလုပ်နည်း စနစ်တခုလုံးကိုပြင်ရန်လိုကြောင်း အောက်တိုဘာ ၁၉ ရက်ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
ယင်းလွှတ်တော်တွင် အစိုးရအကူး အပြောင်းကာလတွင် မြေဂရန်ထုတ်ပေးသာ မြေကွက် ၂၃၂ ကွက်ကို ပြန်လည်စစ်ဆေးပြီး မြေကွက်ချပေးရန် မသင့်တော်သည့် အနေအထားများတွေ့ရှိပါက ဂရန်ထုတ်ပေးမှုကို ပြန်လည်ရုပ်သိမ်းပေးရေး အစီအစဉ်များနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၏ မေးမြန်းချက်အပေါ် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့သည်။
မြေဂရန်ထုတ်ပေးခဲ့သည့် မြေကွက် ၂၃၂ ကွက်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၅-၁၆ ဘဏ္ဍာ ရေးနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုညွှန်ကြားမှုအရ ၂၀၁၅-၁၆ ခုနှစ် အထူးဝန်ဆောင်မှုနှုန်းထားများနှင့် မြေငှားဂရန်များကို ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
''ဒါတွေကလည်း စည်ပင်သာယာရေးကော်မတီရဲ့ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ဆောင်ရွက်ခဲ့တာဖြစ်လို့ ၂၃၂ ကွက်လုံး ပြန်ရုပ်သိမ်းဖို့ အစီအစဉ်မရှိပါဘူး။ သို့သော် ၂၃၂ ကွက်လုံးကို ပြန်စစ်သင့်တယ်။ တယောက်ချင်းစီပေးတဲ့အတွက်ကို ဘယ်ဟာတွေက မှန်တယ်။ ဘယ်ဟာတွေက မမှန်ဘူး။ သတင်းအချက်အလက်ပေးတာနဲ့ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ပြန်စိစစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုပုံစံမျိုးသာ စိစစ်ရမယ်ဆိုရင် အကုန်လုံးစနစ်ကြီးတခုလုံးကို ပြန်စိစစ်ရမလိုဖြစ်နေပြီ'' ဟု
 မြို့တော်ဝန်က ဆိုသည်။
မြေဂရန်ထုတ်ပေးခဲ့သည့် မြေကွက်ပေါင်း ၂၃၂ ကွက်ရှိသည်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း၊ မည်သည့်မြို့နယ်တွင်ရှိသည့် မြေကွက်နှင့် မည်သူ့ထံချထားပေးခဲ့သည့် အသေးစိတ်စာရင်းများရရှိရေးအတွက်လည်း လွှတ်တော်ရေးရာကော်မတီမှ တဆင့် ကြိုးစားသွားမည်ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။
ယင်းကဲ့သို့ အစိုးရအကူးအပြောင်းကာလက မြေဂရန်ထုတ်ပေးခဲ့သည့် မြေကွက် ၂၃၂ ကွက်ကိစ္စကို ပြည်သူ လူထုအား ပွင့်လင်းမြင်သာစွာချပြသင့်ကြောင်း အောက်တိုဘာ ၁၉ ရက်က ကျင်းပသည့် လွှတ်တော် အစည်းအဝေးအပြီးတွင် ဦးနေဘုန်းလတ်က သတင်းမီဒီယာသို့ ပြောသည်။
''တကယ်တမ်းတော့ ဒါပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြသင့်တာပေါ့။ ဘယ်မြေကွက်တွေက ဘယ်သူတွေကို ဘယ်ဈေးနဲ့ပေးလိုက်တယ်ဆိုတဲ့ကိစ္စကို ပွင့်လင်းမြင်သာမှုရှိစေချင်တယ်''ဟု ၎င်း က ပြောသည်။ ထိုပြင် ''မြေကွက် ၂၃၂ ကွက်ကို ပြန်စိစစ်ဖို့ လုပ်သင့်ပါတယ်။ ဒါပေမဲ့ မြို့တော်ဝန်ဖြေသွားတဲ့အဖြေအရ မလုပ်ဘူးဆိုတဲ့ သဘောပဲ။ Case တွေ တခုချင်းစီတက်လာမှပဲ စိစစ်မယ်ပြောတော့ အဲဒီ Case တွေ တခုချင်းစီလိုက်ပြီး ကျွန်တော်တို့ စုံစမ်းရမလိုဖြစ်နေပြီ''ဟု ၎င်းက ပြောသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Comments