- Get link
- X
- Other Apps
28.12.2017
လှည်းကူးမြို့နယ်မှာ ဆောင်ရွက်မယ့် Eco Green City စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်မှာ အသေးစိတ်ရှင်းလင်းပြသခဲ့ခြင်းမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျ က ပြောပါတယ်။ အဲဒီ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကုမ္ပဏီက Alliance Star (ရွှေသံလွင်) လို့ သိရပါတယ်။ Eco Green City စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိရှိ တင်ဒါခေါ်တာမျိုးလည်း မရှိခဲ့သလို လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ခံယူပြီး လုပ်ဆောင်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး။
ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ကုမ္ပဏီတို့ ပူးပေါင်းပြီး အဲဒီ မြေဧက ၁၄၀၀ ပေါ်မှာ နေထိုင်နေတဲ့ ပြည်သူတွေကို အတင်းမောင်းထုတ်၊ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။ ဒါဟာ ပြည်သူကို မထီမဲ့မြင် ပြုလွန်းရာ ရောက်ခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ရပ်အပေါ် ဘယ်လွှတ်တော်အမတ်ကမှ မေးခွန်းထုတ် ကန့်ကွက်ခဲ့တာမျိုး မရှိပါဘူး။ လွှတ်တော်က အစိုးရကို ထိန်းကျောင်းဖို့ ပြည်သူ့ဘက်က ရပ်တည်ရမယ် ဆိုတာကို လျစ်လျူရှုထားကြပါတယ်။
အစိုးရက အခုလို အတင့်ရဲလာတာ၊ ပြည်သူကို မထီမဲ့မြင်ပြုလာတာတွေနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေမှာလည်း တာဝန်မကင်းပါဘူး။ ပါတီက အစိုးရကို အကျပ်ရိုက်အောင် မလုပ်ပါနဲ့ဆိုတဲ့ စကားတစ်ခွန်းနဲ့ အစိုးရလုပ်သမျှ ငြိမ်ခံနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ လွှတ်တော်အမတ် အဖြစ် လစာတွေအများကြီးယူထားပြီး အစိုးရကို မေးခွန်းမထုတ်ရဲတဲ့ လွှတ်တော်နဲ့ အမတ်တွေကို ဘယ်နေရာမှာ သွားသုံးစားရမှာလဲ။
လွှတ်တော်တစ်ရက်ကျင်းပဖို့ ကုန်ကျစရိတ်ဟာ မနည်းသလို လွှတ်တော်အမတ်တွေကို ပေးထားရတဲ့ လစာဟာလည်း မနည်းပါဘူး။ တစ်နှစ်အတွက်ဆိုရင် ငွေကျပ် ဘီလီယံပေါင်း မြောက်မြားစွာ ကုန်ကျ ပါတယ်။ ဒီလောက် ပြည်သူ့ငွေတွေ အကုန်အကျခံ ကျင်းပနေတဲ့လွှတ်တော်တွေက တိုင်းပြည်နဲ့ပြည်သူ့ အကျိုးအတွက် ဘယ်လောက်အထိအကျိုးပြုနေသလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီ။
နိုင်ဇော်
Comments
Post a Comment