- Get link
- X
- Other Apps
ရခိုင်ပြည်နယ်တွင်
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လေဆိပ်သစ်တည်ဆောက်ရန်
မြောက်ဦး လေယာဉ်ကွင်းစီမံကိန်းကို စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မြောက်ဦးလေယာဉ်ကွင်းစီမံကိန်းကို
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက စတင်ဆောင်ရွက်လျက်ရှိပြီး လေဆိပ်အသစ်အနေနှင့်
မြောက်ဦးမြို့အရှေ့ဘက်ခြမ်း ၄ ဒသမ ၅ မိုင်အကွာ နန်းကျားကျေးရွာအနီး
တည်ဆောက်မည်ဖြစ်ရာ ကုန်ကျစရိတ်အနေနှင့် ကျပ် ၂၅၃ ဒသမ ၆၁ ဘီလီယံ
ခန့်မှန်းထားကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
“ရခိုင်ပြည်နယ်
ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး လေဆိပ်သစ်တည်ဆောက်တဲ့ကိစ္စက ထိပ်ဆုံးကပါတယ်။
စီမံကိန်းက စလုပ်နေပြီ။ အစိုးရက Public private partnership ပုံစံအတိုင်း
အကောင်အထည်ဖော်တာပါ”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
သာသနာရေးဝန်ကြီးဌာနတို့ ဦးဆောင်၍ ဖော်ဆောင်လျက်ရှိပြီး ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က လေဆိပ်တည်ဆောက်ခြင်းနှင့်
ပတ်သက်ပြီး အစီရင်ခံစာတွင် ပါရှိကြောင်း ၎င်းက ပြောကြားသည်။
ရခိုင်ပြည်နယ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များဦးဆောင်သော
အဖွဲ့ကိုးဖွဲ့ကို ဖွဲ့စည်းကာ လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး
ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ဦးတွင်
လေဆိပ်သစ် တည်ဆောက်သင့်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းသာစိန်က ပြောကြားသည်။
မြောက်ဦးမြို့တွင်
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာ အများအပြား ကျန်ရှိနေခြင်းကြောင့်
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (ယူနက်စကို) က
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဒေသအဖြစ် သတ်မှတ်နိုင်ရေးကို
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေကာ
နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရန် မျှော်လင့်ကြောင်း ၎င်းက
ပြောကြားသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ၊
ကျောက်ဖြူ၊ ငပလီနှင့် သံတွဲလေဆိပ်တို့ တည်ဆောက်ထားပြီး ငပလီနှင့် သံတွဲ
လေယာဉ်ကွင်းကို တိုးချဲ့ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်လျက်ရှိသည်။
the voice
- Get link
- X
- Other Apps
Comments
Post a Comment